အူအတက်ရောင်နေတာလား၊ အူအတက်ပေါက်တာလား
အူအတက်ဆိုတာ အူမကြီးကို တွယ်ကပ်လျက်ရှိတဲ့ ၂ လက်မကနေ ၄ လက်မခန့် ရှည်တဲ့ အိတ်ကလေးတစ်ခုပါ။ အူအတက်ဟာ အူအတွင်းနံရံတွေရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းစေတယ်လို့ တချို့သုတေသနတွေက ဆိုကြပေမယ့် အူအတက်ရဲ့ လုပ်ဆောင်ချက်ကို သေသေချာချာ မသိကြသေးပါဘူး။
အူအတက်ဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် အင်္ဂါအစိတ်အပိုင်း မဟုတ်ဘဲ အူအတက် မရှိတော့ရင်လည်း ပုံမှန် ကျန်းမာသန်စွမ်းစွာ နေထိုင်နိုင်ပါတယ်။
အူအတက်မှာ အဖြစ်များတဲ့ ရောဂါက အူအတက်ရောင်တာပါ။ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ကပ်ပါးပိုးတွေကြောင့် ရောင်ရမ်းနိုင်သလို စမြင်းတုံးပိတ်ဆို့တာ၊ စားလိုက်တဲ့ အစားအစာတွေက မကျေညက်ဘဲ ပိတ်ဆို့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အူအတက်ရောင်နေတဲ့အခါ…
- ဗိုက်အောင့်ပါတယ်။ ချက်ပတ်လည်တဝိုက်မှာ အရင်အောင့်ပြီး ဝမ်းဗိုက်ရဲ့ ညာဘက်အောက်ပိုင်းကို ရွေ့ပြီး အောင့်တတ်ပါတယ်။
- ဗိုက်အောင့်တာနဲ့အတူ ပျို့အန်တာ၊ ဝမ်းချုပ်တာ သို့မဟုတ် ဝမ်းလျှောတာ၊ မစားချင်မသောက်ချင် ဖြစ်တာ၊ လေအောင့်တာ၊ ဝမ်းဗိုက်က တင်းလာတာ၊ဖျားတာ၊ ညာဘက်ခြေထောက်ကို မြှောက်ရင် ဗိုက်ပိုအောင့်တာ စတဲ့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။
- စစချင်းမှာ မသိသာပေမယ့် အူအတက်ရောင်ရမ်းပြီး ၁၂ နာရီကနေ ၂၄ နာရီအတွင်းမှာ ရောဂါလက္ခဏာတွေက သိသာထင်ရှားလာပါလိမ့်မယ်။
အူအတက်ပေါက်တာ…
အူအတက်က တစ်ဘက်ပွင့်အိတ်ပုံစုံ ဖြစ်တဲ့အတွက် အူအတက် ရောင်ရမ်းချိန်ကြာလာတာနဲ့အမျှ အူအတက်ရဲ့ထွက်ပေါက်က ရောင်ရမ်းပြီး ပိတ်ဆို့နေတာကြောင့် အူအတက်ရဲ့ တစ်ရှူးတွေဆီ အောက်ဆီဂျင် မရောက်တော့ဘဲ တစ်ရှူးတွေ သေဆုံးသွားပါတယ်။ သေဆုံးနေတဲ့ တစ်ရှူးတွေက စုတ်ပြဲလွယ်ပြီး ပေါက်ထွက်သွားတာကို အူအတက်ပေါက်တယ်လို့ ခေါ်ပါတယ်။
အူအတက်ပေါက်ပြီး ဘက်တီးရီးယား၊ ရောဂါပိုးတွေနဲ့ အညစ်အကြေးတွေက ဝမ်းဗိုက်အတွင်းကို ပျံ့နှံ့သွားပြီး အချိန်မီ ခွဲစိတ်ကုသမှု မလုပ်ရင် သွေးဆိပ်ပျံ့နှံ့ပြီး သေဆုံးနိုင်ပါတယ်။
အူအတက်ရောင်ရမ်းပြီး အချိန်မီကုသမှု မရရင် ၄၈ နာရီကနေ ၇၂ နာရီအတွင်းမှာ အူအတက်ပေါက်သွားနိုင်ပါတယ်။
အူအတက်ပေါက်တဲ့အခါမှာ
- ဗိုက်တပြင်လုံး မခံမရပ်နိုင်အောင် နာပြီး တင်းနေတာ
- မတ်မတ်မနေနိုင်၊ လမ်းတောင် မလျှောက်နိုင်တော့တာ
- အဖျားကြီးတာ
- အန်တာ
- ချွေးစေးတွေ ထွက်တာနဲ့
- သတိလစ်တာအထိ ဖြစ်နိုင်ပါတယ်။
ကုသမှု…
အူအတက်ရောင်တဲ့သူ အများစုက ခွဲစိတ်ကုသမှု လိုအပ်ပါတယ်။ အူအတက်ပေါက်သွားရင်တော့ အရေးပေါ် ချက်ချင်းခွဲစိတ်ကုသဖို့ လိုမှာပါ။ ခွဲစိတ်ကုသမှုနဲ့အတူ ပိုးသတ်ဆေးထိုးတာ၊ electrolytes ဓာတ်တွေနဲ့ ရေဓာတ်တွေ ပြန်ဖြည့်တာ လုပ်ရပါတယ်။
အူအတက်ပေါက်သူတွေမှာ သေဆုံးနှုန်းက ၄.၈% (တစ်ရာမှာ ၄.၈ ယောက်ခန့်) ရှိပါတယ်။ အူအတက်ရောင်တာက ကြိုတင်ကာကွယ်လို့ ရတဲ့ ရောဂါမဟုတ်လို့ သံသယဖြစ်စရာ ရောဂါလက္ခဏာတွေ ရှိနေခဲ့ရင် နှောင့်နှေးမနေဘဲ အချိန်မီကုသမှုရအောင် ဆရာဝန်နဲ့ တိုင်ပင်ပြသပါမှ အူအတက်ပေါက်တဲ့အထိ မဖြစ်မှာပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်